မျှော်လင့်ခြင်းကမ်းပါး

By
/ /

If you cannot read the font, download the text here as PDF.

ကားတစ်စီးပြီးတစ်စီးထိုးစိုက်လာကြပြီး စည်ကားနေသောလူတွေကိုမြင်ရတာ စိတ်မသက်မသာနဲ့ပဲ ကျွန်တော် စိတ်မကောင်းဖြစ်လာ ရသည်။ ရုပ်ရှင်ရုံတွေ၊ စားသောက်ဆိုင်တွေ၊ အပန်းဖြေဥယျာဉ်တွေမှာမျိုး စည်ကားနေရင်တောင် မုဒိတာပွားနေမိမှာပါ။ အခုတော့ အထူးကုဆေးရုံကြီးများမှာ အပူရုပ်ဟန်လုပ်ပြီးလာနေကြတာ ဘာရောဂါ ဘာဒဏ်ရာတွေမှန်းမသိပေမဲ့ သူတို့တွေရဲ့ရင်ထဲမှာတော့ ဒုက္ခဝေဒနာ တွေဟာ တန်တူရည်တူရှိလိမ့်မည်ဆိုတာ ကျွန်တော်တွေးကြည့်လို့ရသည်။ ဘာကြောင့်ကိုယ်ချင်းစာနိုင်လည်းဆိုတော့ ကျွန်တော့်မှာလည်း အပြင်းထန်ဆုံးရောဂါတစ်ခု စွဲကပ်နေ၍ဖြစ်သည်။

ဆေးကောင်တာမှာ ဆေးဝယ်ဖို့ရပ်နေသော ကျွန်တော့်ကို ဆေးကောင်တာက ကောင်မလေးက ဂရုဏာသက်စွာ ကြည့်လေသည်။ သူများတွေ သနားဖွယ်ကြည့်လျှင် ကျွန်တော်မနေတတ်ပေ။ အထူးသဖြင့် မိန်းမတွေ ကြည့်သောအခါဖြစ်သည်။ ဒါကြောင့် တတ်နိုင်သမျှ ကျွန်တော်ဟာ ရောဂါသည်မှန်းမသိအောင် နေလေ့ရှိခဲ့သည်။ ဆေးတစ်မျိုးက ကုမ္ပဏီပြောင်းပြီးယူထားသောကြောင့် ကျွန်တော် ဆေးကောင် တာမှာ ထပ်ပြီးစောင့်ရပြန်သည်။ ကျင်ကနဲနာကျင်မှုကြောင့် ကျွန်တော် ဘေးကိုလှည့်ကြည့်မိသည်။ မိန်းကလေးတစ်ယောက် ကျွန်တော်‌့ ခြေတောက်ကို တက်နင်းလိုက်သည်။ တောင်ပန်စကားတစ်ခွန်းမှ မခြွေသည့်အတွက် အနည်းငယ်စိတ်ကွပ်မိပေမဲ့ သူမမျက်နှာကို အကဲခပ်မိတော့ ကျွန်တော်အပြစ်မယူရက်တော့ပေ။ အလွန်နီးကပ်လွန်းတာကြောင့် သူမမျက်နှာကို ကောင်းကောင်း အကဲခတ်ခွင့်ရပြန်သည်။ နုနှယ်သောရုပ်သွင်ကြောင့် အသက်နှစ်ဆယ်လောက်ရှိမည်ဟု ကျွန်တော်ခန့်မှန်းမိသည်။ ကျွန်တော်‌့အသက်က နှစ်ဆယ့်ငါးနှစ်တောင်ပြည့်ခဲ့ပြီ။

“ လဝန်း မလိုချင်လို့မဟုတ်ပါဘူး ရှေ့ဆက်ရမဲ့ဘဝခရီးက ကြမ်းတမ်းလွန်းတယ် လဝန်းသွေးသားလေးကို လက်မခံနိုင်ဘူး မဖြစ်ဖြစ်တဲ့ နည်းနဲ့တော့တားရမှာပဲ ” “ မြတ်စွာဘုရား ”ဟု တရင်း နားနားကပ်ကြားလိုက်ရသော အသံကြောင့် ကျွန်တော်ရင်တုန်ပန်းတုန်ဖြစ်သွားရသည်။ ကျွန်တော်ကတော့ အသက်ရှင်ဖို့ဆွဲဆန့်နေချိန်မှာ လူ့လောကထဲတိုးဝင်လာတော့မည့် အသက်တစ်ချောင်းကို ဖျက်စီးဖို့ကြိုးစားကြတော့မည်။ ကျွန်တော်ရင်နာမိသည်။ စိတ်ဓာတ်ကျဆင်းပြီး မျက်ရည်ဝဲနေသော သူမကို သူမဘေးက အဖော်မိန်းမကြီးကလည်း တားမြစ်ဖို့ထက် တိုက်တွန်း နေခဲ့သည်။

ကျွန်တော်ဆေးကောင်တာမှာ အလုပ်ရှုပ်နေစဉ် သူတို့ဆေးခန်းအပြင်ဘက် ထွက်သွားကြသည်။ ဆေးရတာနဲ့ ကျွန်တော်လည်း ဆေးခန်းအပြင်ဘက်ပြေးထွက်ပြီး သူတို့ကိုလိုက်ရှာမိသည်။ ထီးကိုင်ထားပြီး ထီးဆောင်ဖို့မေ့နေသော သူမဟာ လိုင်းကားအလာကို စောင့်နေတာ တွေ့လိုက်ရသည်။ အဖော်မိန်းမကြီးမပါတာတွေ့တော့ ကျွန်တော် သူမဘေးမှာ ရပ်လိုက်မိသည်။ လိုင်းကားတစ်စီးထိုးစိုက်လာတော့ သူမဟာ အပြေးအလွှားကားပေါ်တက်သည်။ ကျွန်တော်လည်းပြေးတက်ပြီး သူမဘေးကခုံမှာ ထိုင်ချလိုက်သည်။ သူမ၏ သက်ပြင်းချသံပြင်းပြင်းကို ကျွန်တော်ကြားဖြစ်အောင် ကြားလိုက်မိသေးသည်။ စတိုးဆိုင်ကြီးတွေ တိုက်အထပ်မြင့်ကြီးတွေ ငေးကောင်းဆဲမှာပင် သူမက အတင်းတိုးဝေှ့ ဆင်းသွားရာ ကျွန်တော်ပါ အမြန်လိုက်ဆင်းရလေသည်။

ကျွန်တော်‌့ရင်ထဲမှာ ဝေဒနာတစ်ရပ်က ပြင်ထန်းစွာတောင်းဆိုသဖြင့် သူမနောက်ဆက်လိုက်မိသည်။ ပူပြင်းသောနေမင်းကို အံတုပြီး ထီးကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသောသူမကို အေးမြသွားစေချင်မိသည်။ သူမသွားနေသော လမ်းကြိုလမ်းကြားတွေမှာ သူမမရိပ်မိအောင် သတိထားလိုက်နေရသည်။ ဒါပေမဲ့ သူမဘယ်နည်းနဲ့မှ မရိပ်မိဘူးဆိုတာ ကျွန်တော့်စိတ်ထဲက သိနေပြန်သည်။ ဘာကြောင့်လည်းဆိုတော့ သူမအပူမီးတွေ ရင်ထဲ၌ ပြင်ထန်စွာစီးဆင်းနေသည်ပဲလေ။ သူမဝင်သွားသော တိုက်ပုလေးရှေ့ရောက်သောအခါ ကျွန်တော်မျက်လုံးပြူးရသည်။ သူမကို ဘာမှလုပ်မပေးလိုက်ပါနဲ့လို့သာ ကျွန်တော် အကြိမ်ကြိမ်ဆုတောင်းမိသည်။ အဲ့ဒီဆေးခန်းလေးနဲ့ မျက်စောင်းထိုးလောက်မှာရှိသော ဗန်ဒါသီးတွေကိုမြင်ရတော့ ကျွန်တော့် ငယ်ဘဝကို ပြေးမြင်အမှတ်ရမိသည်။ ဖေဖေက လက်ထောက်ဆရာဝန်ဆိုတော့ ဆေးရုံဝန်းထဲက ဝန်ထမ်းအိမ်ကလေးမှာ ကျွန်တော်တို့မိသားစု (၃)ယောက် အပူပင်ကင်းစွာ နေခဲ့ဖူးသည်။ အိမ်ရှေ့မှာ ဗန်ဒါပင်ကြီးရှိရာ အသီးတွေကြွေကျချိန်ဆို မေမေက ကောက်ပြီးစုပုံထားသည်။ နားရက်ရတဲ့ဖေဖေက ဝါးကုလားထိုင်မှာ သတင်းစာကြည့်လို့ မေမေက လက်အနာခံပြီး ဗန်ဒါဆံတွေထုပြီး ကျွန်တော့်ကိုကျွေးသည်။ မေမေ့ လက်တွေနီလာရင် ဖေဖေက မကြည့်ရက်တော့ဘဲ သတင်းစာလေးချထားပြီး ဗန်ဒါဆံလာထုပေးသည်။ မေမေ့ လက်တွေကိုလည်း ဆေးလိမ်း ပေးသည်။ ကျွန်တော်တို့ မိသားစုဘဝလေးက သိပ်ပျော်စရာကောင်းခဲ့သည်။ ပူနွေးသော မျက်ရည်ပူတစ်ပေါက် လက်ပေါ်ကျလာမှ ကျွန်တော်ငိုနေမှန်း သတိထားမိသည်။ ကျွန်တော် မေမေ့ကို သတိရမိပြန်ပြီ။

“ ဆိုက်ကားအားလား ” မေးလိုက်သောအသံကြားမှ ကျွန်တော့်ဘေးမှာ ဆိုက်ကားတစ်စီးရပ်ထားတာ သတိပြုမိသည်။ လာငှားသူကို ကြည့်မိတော့ သူမ။ နွမ်းလျနေဆဲမျက်နှာလေးကြောင့် ဘာမဆိုင်ညာမဆိုင် ကျွန်တော် လှိုက်ကနဲ ပျော်သွားခဲ့သည်။ မေမေ မရှိတော့သည့်နောက် ပထမဆုံး ပျော်ရခြင်းပင်။ ဦးထုပ်နဲ့ မျက်နှာကိုဖုံးအိပ်နေသော ဆိုက်ကားဆရာက မနိုးပေ။ “ ဆိုက်ကားဆရာအိပ်နေတယ် ကျွန်တော် နိုးပေးမယ်လေ ”ဟု ကျွန်တော်လောကွတ်စကားဆိုတော့ သူမမျက်ဝန်းတွေက ကျွန်တော်ဆီ ရွေ့လာသည်။ “ ရပါတယ် မနိုးပါနဲ့တော့ လဝန်းဘာသာ ခြေလျင်လျှောက်တော့မယ် ” လှည့်ထွက်သွားသော သူမနောက်ကို ကျွန်တော်ဆက်လိုက်မိသည်။

“ ဘူးဘော်…..ဘူးဘော် ” “ မြတ်စွာဘုရား ”ဟု ဒုတိယအကြိမ် တမိပြန်သည်။ ရှေ့မှာသံလမ်း ရထားလဲလာနေခဲ့သည်။ ကျွန်တော် ဘာကိုမှမစဉ်းစားတော့ဘဲ အသက်မဲ့လူတစ်ယောက်လို သံလမ်းရှိရာဆက်လျှောက် နေသော သူမကို လှမ်းဆွဲလိုက်တော့သည်။ “ အို… လွှတ်…လွှတ်ပါ…ဖြန်း… ” ပါးပြင်တစ်ခုလုံး ထူပူသွားတာကြောင့် သူမကို လွှတ်ပေးလိုက်သည်။ ရထားကြီးလဲဝေးသွားမှ ကျွန်တော်စိတ်ချစွာ မြက်ခင်းပေါ် ပစ်လှဲလိုက်တော့သည်။ “ လဝန်းသေချင်တာ…အဟင့် အဟင့် အခုတော့ ရှင့်ကြောင့် လဝန်းမသေရတော့ဘူး ” ဝမ်းနည်း ပက်လက်ငိုနေသော သူမအတွက် အကောင်းဆုံးဖြစ်နိုင်မဲ့ စကားလုံးတွေကို ကျွန်တော်ရွေးချယ်မိသည်။ ဘာဘဲဖြစ်ဖြစ် လူသားတစ်ယောက် လောကထဲရောက်ဖို့ ကြိုးစားရတာ ကျွန်တော်မမှားပါဘူး… ကျွန်တော်တောင် နောက်(၆)လနဲ့ (၁)နှစ်အတွင်းလို့ ခန့်မှန်းပေးထားသော ရက်ထက်ပိုပြီး ရှင်သန်ချင်ခဲ့သည်ပဲလေ။

လဝန်း၏ မျက်ရည်လဲ့နေသော မျက်ဝန်းများကို ရီဝေဝေငေးရင်း ကျွန်တော်ပွင့်လင်းစွာ သူမကို နားချမိသည်။ တဖြည်းဖြည်း သူမ ကျွန်တော့်ကို ယုံကြည်လာသည်။ လက်ခံလာသည်။ နောက်ဆုံး နားခိုးရာမဲ့နေသောသူမကို ကျွန်တော်တစ်ဦးတည်းနေသော အိမ်ကလေးဆီ ခေါ်လာခဲ့တော့သည်။ ဘာကြောင့်ခေါ်လာသလဲမေးရင် လူသားချင်းစာနာစိတ်၊ လူသားတစ်ယောက် မွေးဖွားရှင်သန်ခြင်းကို ကူညီစောင့်ရှောက် လိုစိတ်ကြောင့်ဟုသာ ကျွန်တော် ခေါင်းစဉ်တပ်မိမှာပါ။ ဆောက်တည်ရာမဲ့နေသော သူမကို ကောင်းစွာမချော့တတ်ပေမဲ့ အတိုင်းအတာတစ်ခုထိ တော့ နှစ်သိမ့်ပေးနိုင်ခဲ့သည်။ လဝန်းက ကလေးကို လူဖြစ်အောင်မွေးပါ့မည်ဟု ကျွန်တော်‌့ကို ကတိပေးသည်။ ကျွန်တော်‌့အိမ်ကလေး၏ မီးရောင်မှိန်မှိန်အောက်တွင် သူမနှုတ်ခမ်းလေးတွေ တဆတ်ဆတ်တုန်နေရှာသည်။

“ လဝန်း ပညာသင်ဖို့ အမဆီလာနေခဲ့တာပါ ခဲအိုကိုလဲ အကိုရင်းလို သဘောထားပြီး ယုံကြည်ခဲ့တယ်… လဝန်းဆယ်တန်း အောင်ချင်တယ် လဝန်းမှာကိုယ်ဝန်ရှိနေပြီလို့ လဝန်းမမကို ဘယ်လိုဖွင့်ပြောရက်မလဲ မမမှာလဲ ကိုယ်ဝန်အရင့်အမာနဲ့လေ လဝန်းရင်သွေး လေးရဲ့အဖေဟာ မမယောကျာ်းပါလို့ လဝန်းမပြောရဲဘူး အကို ”။ အိမ်တိုင်ကိုမှီပြီး မျက်ရည်အသွယ်သွယ်ကျနေသာ လဝန်းကိုကြည့်ပြီး မေမေ့ကို ပြန်မြင်မိပြန်သည်။ မေမေကလဲ အဲ့ဒီတိုင်မှာမှီထိုင်ပြီး မျက်ရည်တွေကျကာ “ မင်းဖေဖေ ဘယ်တော့မှ ‌ေမမေတို့ဆီပြန်မလာတော့ဘူးသား ”ဟု နှုတ်ခမ်းကိုပြုတ်လုမတတ် ကိုက်၍ပြောခဲ့သည်။ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်ခဲ့သော မေမေ့မျက်ရည်တွေဟာ ဘယ်လောက်တောင် နာကျင်နေမယ်ဆိုတာ ကျွန်တော်တွေးကြည့်လို့ရခဲ့သည်။ ဖေဖေရာထူးတက်ပြီး မေမေ့ရဲ့ဇာတိမြို့လေးကို ပြောင်းရသောအချိန်တွင် ကျွန်တော်တို့ မိသားစု မန္တလေးမှာ အခုအိမ်ကလေးကို ပိုင်ဆိုင်ပြီးဖြစ်ခဲ့သည်။ ကျွန်တော့်ပညာရေးကြောင့် မန္တလေးမှာ မေမေနဲ့ကျွန်တော် ကျန်ခဲ့ရသည်။ (၃)နှစ်အကြာမှာပဲ ဖေဖေရဲ့စွန့်ပစ်ချင်းကို မေမေရော ကျွန်တော်ပါ လူးလိမ့်နေအောင် ခံစားခဲ့ရသည်။ ဖေဖေ့၏ နောက်အိမ်ထောင်သည် မေမေ့ညီမအရင်း ဖြစ်နေသောအချက်သည် ပို၍နာကျင်အခံရခက်စေခဲ့သည်။

“ အကို လဝန်းကြောင့် စိတ်ညစ်သွားပြီးလား… ယောကျာ်းတွေသစ္စာမရှိကြဘူးဆိုပေမဲ့ အကို့ကိုတော့ လဝန်း မြင်မြင်ချင်းယုံကြည် အားကိုးပါတယ် ” လဝန်းကလေးကို ဒီအိမ်မှာဘဲ ဖွားမြင်စေမည်။ အဲ့ဒီအချိန်ထိ ကျွန်တော်ရှိနေအုံးမလားဆိုတာတော့ မသေချာလှပေ။ သေဆုံး တော့မဲ့သူက မွေးဖွားလာခြင်းကို ကောင်းစွာမြင်တွေ့သွားချင်သည်။ ကျွန်တော်‌့အိမ်မှာ လဝန်းရောက်တာ ရက်ပေါင်းတစ်ရာနီးနီးရှိလာတော့ လဝန်းဗိုက်ကလေးကရှေ့ကို ဖောင်းဖောင်လေးစူထွက်လာသည်။ အဲ့ဒီထဲမှာ လူသားတစ်ယောက် သေချာပေါက်ရှိတယ်ဆိုသောအသိ မကြာခင် ရောက်လာတော့မယ်ဆိုသော မျှော်လင့်ချက် ကျွန်တော်ပျော်လာခဲ့သည်။
“ အကို နေကောင်းရဲ့လား အကို့ကိုကြည့်ရတာ အားနည်းနေသလိုပဲ အကိုဘာမှမဖြစ်လိုက်ပါနဲ့နော် အကို တစ်ခုခုဖြစ်မှာကြောက်တယ် အကို့ကိုအားကိုးပြီး လဝန်းအသက်ရှင်နေတာပါ ”။ သွေးစတွေပေကျံနေသောတစ်ရူးကို လဝန်းမမြင်အောင် ဖိနပ်အောက်လုံးချေရင်း ရိုးသားစိတ်နဲ့ လဝန်းလက်ကိုဆုပ်ကိုင်၍ အားပေးမိသည်။ ကျွန်တော် ထွက်ခွာသွားရတော့မယ့်အကြောင်း မပြောထွက်တော့ပေ။ ကျွန်တော် ဆိုသော အားကိုးတစ်ခုနဲ့ လူသားတစ်ယောက် ကို လောကထဲပို့ပေးမဲ့လဝန်းကို ပြောမထွက်ရက်တော့ပေ။

မေမေချန်ထားခဲ့သော နောက်ဆုံးလက်ကျန် စိန်လက်စွပ်တစ်ကွင်းကိုဖျောဖို့ ကျွန်တော် မြို့ထဲထွက်လာခဲ့သည်။ မေမေဟာ သူ့သားရဲ့ နောက်ဆုံးသက်တမ်းကို သိရှိနေသလားရယ်ပါ မေမေမရှိတော့သောနောက် မေမေထားခဲ့သော လက်ဝတ်ရတာနာများကိုထုခွဲပြီး စားသောက် လိုက်၊ ဆေးကုလိုက်နေလာခဲ့တာ ယနေ့ထိပင်။ ကျွန်တော် လဝန်းကိုလိုအပ်တာမှန်သမျှ ပြည့်စုံစွာဖန်တီးပေးခဲ့သဖြင့် ကျွန်တော် စာရေးဆရာ ဆိုတာကို လဝန်းမယုံပေ။ စာရေးဆရာဆိုတာ ငွေတွေအများကြီးသုံးနိုင်တဲ့လူ မဟုတ်ဘူးဟုဆိုခဲ့သည်။ မဂ္ဂဇင်းတိုက်တွေက ခဏခဏအပယ်ခံခဲ့ ရသော စာမူတွေထုတ်ပြမှ ယုံခဲ့သည်။ မေမေမသွားခင်က ကျွန်တော့်ကို ဘာနဲ့ရပ်တည်မလဲမေးခဲ့သည်။ စာရေးစားမယ်ဆိုတော့ ‌ေမမေ ပြုံးခဲ့သည်။ အခုတော့ ကျွန်တော်ဟာ အောင်မြင်မှုမရခင်မှာပဲ ထွက်သွားရတော့မည်။
လဝန်းသည် သိတတ်လိမ္မာလွန်းသည်။ မပေါ့မပါးကြီးနဲ့ အိမ်မှုကိစ္စတွေသိမ်းလုပ်သည်။ လဝန်းသည် အိမ်ပြင်မထွက်ပေ။ အဲ့ဒီ တစ်ချက်က ကျွန်တော့်အတွက် ကံကောင်းခဲ့သည်။ ကျွန်တော် ရောဂါသည်ဆိုတာ လဝန်း သိခွင့်မရတော့ပေ။ ကျွန်တော့်အကြောင်း သိထားသော ပတ်ဝန်းကျင်က ကျွန်တော့်ကို သေခါးနီးရိက္ခာယူနေတာဟု မညှာမတာ ဝေဖန်တာခံခဲ့ရသည်။ ကျွန်တော် သိက္ခာကျတာထက် လဝန်းသိပြီး အားငယ်သွားမှာသာ စိုးရိမ်ခဲ့သည်။ မြို့ထဲရောက်ရင်း ဆေးခန်းပါ တစ်ခါတည်းဝင်ပြလိုက်သည်။ ဆရာဝန်ကြီးက မေမေကိုကုခဲ့သော ဆရာဝန်ကြီးမို့ နွေးထွေးလွန်သည့် ဖေဖေ့မေတ္တာရိပ်အောက် ပြန်ရောက်သလိုခံစားရသည်။

“ သားအခုတလော နေရတာအဆင်ပြေရဲ့လား ဆေးရုံတက်လိုက်ပါလား ဒီမှာဆိုအနေရသက်သာအောင် ဆရာမတွေအနီးကပ် ပြုစု နိုင်တာပေါ့ ”။ ဆရာဝန်ကြီးရဲ့ စေတနာကိုနားလည်ပေမဲ့ ကျွန်တော့်ရဲ့ နောက်ဆုံးအချိန်ကို မေမေ့လိုပဲ အိမ်မှာသာကုန်ဆုံးချင်သည်။ “ ဆေးရုံ မတက်ချင်ဘူး ”ဟုဆိုတော့ “ အမေတူသားပဲ ”ဟု ဆရာဝန်ကြီးက မှတ်ချက်ပေးလေသည်။ သေမင်းနဲ့လက်တစ်ကမ်းအလိုက ကျွန်တော်‌့ စိတ်တွေဟာ မေမေ့ကြောင့်ခိုင်မာခဲ့သည်။ မေမေသာ ကျွန်တော့်ရှေ့မှာ သေမင်းကို ရဲရင့်စွာအနိုင်ယူမပြနိုင်ခဲ့ရင် ကျွန်တော်လည်း သေရမှာ ကြောက်လိမ့်မည်။ ဖေဖေထားသွားခဲ့သည့်နောက် မေမေ့ကျန်းမာရေး ချို့ယွင်းခဲ့သည်။ ကျွန်တော်က ကျောင်းမပြီးသေးသော အချိန်ဆိုတော့ မေမေ့ကို ဂရုမစိုက်ခဲ့မိပေ။ မေမေကတော့ မကြာခဏသွေးအားနည်းပြီး မူးဝေတတ်သော ကျွန်တော့်ကို ဂရုစိုက်ခဲ့သည်။ ခင်ပွန်းရဲ့ သစ္စာမဲ့ခြင်း ကို ခံစားဖြတ်သန်းနေခဲ့ရသော မေမေသည် ကျွန်တော့်ကိုပုံချစ်ခဲ့သည်။ ကျွန်တော်နောက်ဆုံးနှစ်ဖြေပြီး အိမ်ပြန်လာသောနေ့က မေမေဟာ ဧည့်ခန်းဆက်တီခုံမှာ ခေါင်းငိုက်စိုက်ကျလို့ပါ။ ကြမ်းပြင်ပေါ်က သွေးအိုင်ကြီးက မြင်ရက်စရာမရှိခဲ့ပေ။ လွန်ခဲ့သော(၅)နှစ်ကျော်လောက်ကပေါ့ ပထမဆုံး မေမေ့ကိုပွေ့ချီပြီး ဒီဆေးခန်းကြီးဆီပြေးခဲ့သည်။

“ ဒေါ်ခင်ရွေးမှာ (Leukaemia) ဖြစ်နေတာ ဘာကြောင့်ဒီအချိန်မှ ဆေးခန်းလာပြရတာလဲ ”ဟု ဆရာဝန်ကြီးက ဂရုဏာဒေါသနဲ့ ဆူခဲ့တော့ မေမေက မျက်နှာတစ်ချက်မျှမပျက်ဘဲ “ ကျွန်မ သိနေတာကြာပါပြီဆရာ ကျွန်မဆေးမကုချင်လို့ပါ ”ဟု သွေးအေးစွာပြောခဲ့သော မေမေ့မျက်နှာကို သွေးပျက်မတတ် မော့ကြည့်ခဲ့ဖူးသည်။ ဆေးရုံအုပ်ကြီးဖြစ်နေပြီဖြစ်သော ဖေဖေ့ကို တစ်သက်လုံး နောင်တရသွားစေချင်သော ဆန္ဒကြောင့် သေတဲ့အထိ အကြောင်းကြားခြင်း၊ အသိပေးခြင်းမလုပ်ခဲ့ပေ။ ကျွန်တော့်ကိုလည်း မဆုံးပါးခင်ညက ကတိတစ်ခု တောင်းသွား ခဲ့သည်။ သားနဲ့မယားကို သိပ်ချစ်ခဲ့သော ဖေဖေ့ကို ဘယ်တော့မှ တွေ့ခွင့်မပေးရဘူးဆိုသော ကတိပင်။ အချစ်ဆုံး ခင်ပွန်းနဲ့ညီမကို ဆုံးရှုံး ရခြင်းဟာ မေမေ့စိတ်ကိုသေတဲ့အထိ အနာကျင်ဆုံးဖြစ်သွားခဲ့သည်။ ကျွန်တော် ရောဂါစဖြစ်တော့ ဖေဖေ့ကိုတမ်းတပေမဲ့ မေမေ့ကို ပေးထားသော ကတိကြောင့် သွားမတွေ့ဖြစ်ပေ။

ကျွန်တော်ဆေးခန်းအပြင်ရောက်တာနဲ့ လဝန်းဆီ စိတ်ရောက်သွားပြန်သည်။ လဝန်းဗိုက်ထဲက ကလေးရဲ့အဖေဟာ ကျွန်တော်ဟု ထင်ကြလိမ့်မည်။ ဒါလဲကောင်းပါသည် ကျွန်တော်ထွက်သွားပြီးရင် လဝန်း ကလေးမျက်နှာ မငယ်ခဲ့တော့ပေ။ သွေးအားနည်းလွန်းပြီး ဖြူဖျော့ ပိန်လိမ်နေသော ကျွန်တော်‌့ကို စပ်စုတတ်သောပတ်ဝန်းကျင်က စာရေးဆရာယောင်ယာင်၊ ဆေးသမားယောင်ယောင် ကောင်လေးဟာ မိန်းကလေးတစ်ယောက်ကို တရားဝင်လက်ထက်ပေါင်းသင်းခြင်းမရှိဘဲ အခုမိန်းကလေးမှာ ကိုယ်လေးလက်ဝန်နဲ့ဟုဆိုသော စကားတွေ ရပ်ကွက် ထဲမှာ ဖောင်းပွနေလေသည်။ “ ရောဂါရှိမှန်းသိသောလူတစ်ချို့က သေခါနီးရိက္ခာယူနေတာ ”ဟု ပြောကြသေးရာ ကျွန်တော့်မှာ သိက္ခာတရားဟူ၍ မြူတစ်မှုန်မျှမရှိတော့ပေ။

လဝန်းအတွက် အားဆေးအနည်းငယ်နဲ့ မုန့်ဝယ်ကာ အိမ်ပြန်လာတော့ တစ်ခါမှမခံစားဘူးသော ကြည်နူးခြင်းကို ကျွန်တော်ခံစား ရသည်။ သနပ်ခါးပါးကွက်ကြားလေးနဲ့ ရွှင်လန်းစွာ လဝန်းကကြိုနေခဲ့သည်။ အေးမြသော ဟိုးအရင်က ကျွန်တော်တို့ မိသားစုလေး၏အရသာကို ပြန်ခံစားရသည်။ ကျွန်တော် လဝန်းကို ညီမလေးထက်ပိုသော မြတ်နိုးခြင်းကို ပထမဆုံးခံစားလိုက်မိသည်။ သွားပြီ ကျွန်တော့်ရိုးသားခြင်းတွေ အရောင်ဆိုးသွားခဲ့ပြီ။ သံယောဇဉ်နဲ့ မြတ်နိုးမှုကို ကျွန်တော်ချိုးနှိမ်ရမည်။ ကျွန်တော့်မှာသာ (Leukaemia)ဆိုသော ရောဂါဆိုးရှိမနေခဲ့ရင် မွေးလာမဲ့ ကလေးအတွက်ရော၊ လဝန်းအတွက်ရော၊ ဖခင်ကောင်း၊ ခင်ပွန်းကောင်းဖြစ်အောင် ကြိုးစားမိပါလိမ့်မည်။ အသက်ငယ်ရွယ်ပေမဲ့ အိမ်ထောင်မှုနိုင်နင်းသော လဝန်းကြောင့် မေမေနဲ့နေရစဉ်အတိုင်း နေရပြန်တော့ ကျွန်တော် ပျော်ရွှင်ရသည်။ စိန်လက်စွပ်ရောင်းရငွေကို နှစ်ပုံပုံပြီး တစ်ပုံကို ကျွန်တော်မသွားခင် ဆေးဖိုးနဲ့သွေးသွင်းဖို့ နောက်သဂြိုလ်စရိတ်အဖြစ်ထားပြီး ကျန်တစ်ပုံကိုတော့ လဝန်းမွေးဖွားစရိတ် ကလေး(၅)လသားအထိ ထိုင်စားနိုင်လောက်ရုံပါ ဒီထက်မက ကျွန်တော်ထားသွားချင်ပေမဲ့ အဲ့ဒီအခွင့်အရေး ကျွန်တော်‌့မှာမရှိပေ။
“ အကို ပိုက်ဆံတွေများလှချီလား ဒါတွေလဝန်းမယူချင်ဘူး လဝန်းမျှော်လင့်တာ အကို့ရဲ့အေးမြတဲ့မေတ္တာရိပ်ပါ ”။ မျက်ရည်ကျနေသော လဝန်းကိုနှစ်သိမ့်ဖို့ စကားရွေးရသည်။ ပညာသင်ဖို့ကြိုးစားခဲ့သော လဝန်းဘဝကို အဓ္ဓမဖျက်စီးခဲ့သော လဝန်းခဲအိုဟာ ကျွန်တော့်ဖေဖေလို မတော်တဆမှားယွင်းခဲ့တာ မဟုတ်သလို လဝန်းကလဲ ကျွန်တော့်ဒေါ်လေးလို ချော်လဲရောထိုင်ပြီး နှစ်စင်မပြိုင်ခဲ့ပေ။ လဝန်းမမဟာလဲ မေမေ့လိုအနီးကပ် လူတွေရဲ့ သစ္စာဖောက်ခြင်းကို မခံခဲ့ရပါဘူး။ ကျွန်တော် လဝန်းကိုသနားသည်။ ပြီးတော့ လူသားတစ်ယောက် ရှင်သန်ကြီးပြင်း လာဖို့ မျှော်လင့်ခြင်းအရောင်တွေ ကျွန်တော်ပေးရမည်။ ဒီအတွက် မေမေလဲ ကျေနပ်ပါလိမ့်မည်။
လဝန်းကသူ့ကို လက်ထပ်ယူပါဟု ကျွန်တော့်ကို ရှစ်ခိုး၍တောင်းဆိုရှာသည်။ ပွေ့ဖက်အားပေးချင်ပေမဲ့ ကျွန်တော့်မှာ အဲ့ဒီအခွင့်အရေး မရှိပါဘူး။ ချစ်ခြင်းရဲ့နာကျင်မှုဝေဒနာတွေ မပေးခဲ့ချင်ပေ။ ဘဝရဲ့ထိုးနှက်မှုတွေကြောင့် ပင်ပန်းနေသော လဝန်းနှလုံးသားကို ဒဏ်ရာမရစေချင် တော့ပေ။ ကျွန်တော်ရသော စာမူခတွေပါ လုံးချင်းစာအုပ်ထုတ်ဖို့ စာချုပ်ချုပ်လာတာ နောက်လဲပိုက်ဆံတွေ အပ်အုန်းမှာဆိုတော့ လဝန်းကျေနပ် သွားရှာသည်။ ကျွန်တော့် အောင်မြင်မှုအတုကြီးကို အဟုတ်ထင်သွားပြီး ဝမ်းသာရှာသော လဝန်းကိုကြည့်၍ ကျွန်တော်နာကျင်ရသည်။ မေမေ့လိုပဲ သွေးအေးအေးနဲ့ လောကကြီးထဲက ထွက်သွားဖို့ပြင်ဆင်ထားသော ကျွန်တော်သည် ရှင်သန်လိုစိတ် ပြင်းပြင်းထန်ထန်မရှိခဲ့ပေ။ ဒါပေမဲ့ ဒီနေ့တော့ လဝန်းရယ်၊ ကလေးရယ်၊ ကျွန်တော်ရယ်ဟု မိသားစုဘဝလေးကို စိတ်ကူးနဲ့ပုံဖော်ကြည့်ရင်း ကျွန်တော်မျက်ရည်ကျ ငိုမိတော့သည်။

လဝန်း ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်ချိန်တွင် ကျွန်တော်လောကကြီးကို နှုတ်ဆက်ဖို့အချိန်ကျပြီ။ ဆေးရုံမတက်တော့ဘဲ အခန်းတံခါး ပိတ်ကာ စာမူတွေအပြီးသတ်ပေးရမည်ဟု အကြောင်းပြကာ ဝေဒနာကို ကြိတ်မှိတ်ခံစားရတော့သည်။ ကျွန်တော့်၏ စာရေးဖော်ညီငယ်လေး ကိုငယ်ကအတူနေပြီး လိုအပ်တာလုပ်ပေးနေ၍ လဝန်းကို ဖုံးဖိထားနိုင်ခဲ့သည်။ သွေးမရှိတော့ပဲ ဖြူဖွေးဖျော့တော့ပိန်ကပ်နေသော ကျွန်တော့် ရုပ်သွင်ကို လဝန်းမမြင်စေချင်ပေ။ တံခါးမဖွင့်ပေးတော့ ကျွန်တော့်အခန်းရှေ့ကနေ “ အပြီးသတ်မြန်မြန်ရေးပြီးရင် လဝန်းကို ထွက်ကြည့်ပါအုန်း အကို လဝန်းသိပ်ကြောက်နေလို့ပါ ”ဟု တတွတ်တွတ်ပြောတော့ ကျွန်တော်ထိခိုက်နာကျင်ရတော့သည်။

“ အကို လဝန်းကို ဖွင့်ပြောလိုက်ပါလား အကို့ကိုကြည့်ပြီး နာကျင်ပင်ပန်းလွန်းလို့ပါ ”။ ကိုငယ့်စကားကို ကျွန်တော်ငြင်းသည်။ စိတ်အား ငယ်တတ်သော လဝန်းအတွက် လများစွာဖုံးကွယ်ခဲ့သော ကျွန်တော့်ရည်ရွယ်ချက်ကို မစွန့်လွှတ်နိုင်ခဲ့ပေ။ ကျွန်တော်၏ အကူအညီတောင်းမှုနဲ့ မေတ္တာရပ်ခံမှုကြောင့် လဝန်းကိုအိမ်မှာပဲ မီးဖွားဖို့စီစဉ်ခဲ့သည်။ သားအရင်းလိုချစ်သော ဆရာဝန်ကြီးက မေတ္တာဖြင့်ကူညီ၍ ကျွန်တော် လဝန်းအတွက် စိတ်ချနိုင်ခဲ့သည်။ လဝန်းကို မွေးပေးမဲ့ဆရာဝန်မက ကျွန်တော့်သူငယ်ချင်း ဒေါက်တာခင်လေးက “ ရန်နောင် ငါနင့်အတွက် စိတ်ပူတယ် နင့်အကြောင်းကိုမသိရှာတဲ့ လဝန်းကိုကြည့်ပြီးလဲ ရင်နာတယ်ဟာ ”ဟု ကျွန်တော်ကို လာကြည့်ပေးရင်း မျက်ရည်ဝဲဝဲနဲ့ပြောရှာသည်။

ကလေးကို ကျွန်တော်မသွားခင် နာမည်လေးတစ်ခုတော့ ရွေးပေးချင်သည်။ ကိုငယ်ဆီက စာရွက်နဲ့ဘောပင် တောင်းလိုက်သည်။ ကလေးဟာ ကျွန်တော်တို့ရဲ့ မျှော်လင့်ခြင်းနေ့သစ်လေး “ နေ့သစ် ”လို့ ကြိုးစားရေးပေမဲ့ ရေးမရတော့။ ကိုငယ်က “ နေ့သစ် ”လားဆိုတော့ ကျွန်တော်ခေါင်းငြိမ့်ပြမိသည်။ လဝန်းဗိုက်နာလို့ ညည်းညူနေသောအသံများက ကျွန်တော့်ရင်ကို ပူလောင်စေသည်။ ပြင်းထန်သောဝေဒနာတွေ နဲ့အတူ ကျွန်တော့်ပါးစပ်က သွေးတွေအန်ကျလာသည်။ ကိုငယ်က ဒေါက်တာခင်လေးကို ပြေးခေါ်မည်လုပ်သည်။ ကျွန်တော်တားသည်။ မီးနေခန်းမှာသာ ခင်လေးရှိသည်။ “ အကိုရေ ”ဟု လဝန်းတတနေတော့ ကိုငယ်ကိုပွေ့ချီခိုင်း၍ မီးနေခန်းလိုက်ကာလေးကိုဟ၍ “ လဝန်း ”ဟု မြတ်နိုးစွာခေါ်၍ ပြုံးပြမိသည်။ ဝေဒနာတွေကြောင့် ကျွန်တော်‌့အပြုံးတွေ လှပမှာမဟုတ်သလို နောက်ဆုံးအပြုံးတွေလဲ ဖြစ်လိမ့်မည်။ လဝန်းက အကိုဟု တိုးတိုးလေးခေါ်ပြီး ကျေနပ်သွားရှာသည်။

ဝေဒနာကို ကြိတ်မှိတ်ပြီး သေမင်းကို မျှော်ငေးနေရသောအချိန်မှာ လဝန်းဆီက ညည်းညူသံတွေ တစ်ချက်တစ်ချက်ကြားနေရသလို မေမေ့အပြုံးတွေလဲ ကျွန်တော်မြင်နေရပါပြီ။ ကျွန်တော်လောကကြီးကို နှုတ်ဆက်ရတော့မည်။ လဝန်းရင်သွေးလေးကတော့ လောကကြီးကို ခြေချဖို့ ကျင်လည်ရှင်သန်ဖို့ ကြိုးစားနေပြီ။ ကိုငယ်က နံရံကိုလက်သီးနဲ့ထိုးကာ “ အေးချမ်းစွာ သွားပါတော့အကိုရယ် ”ဟု ဝမ်းနည်းစွာဆိုသည်။ ပြီးတော့ အားလုံးအတွက် စိတ်ချပါတဲ့။ မအောင်မြင်နိုင်သေးသော စာရေးဆရာဘဝ၊ ချစ်သူကိုထားခဲ့ရသောဘဝ၊ ဖခင်ကောင်းမဖြစ်နိုင်တော့တဲ့ ဘဝကို ကျွန်တော်ထားခဲ့ပါပြီ။ ကျွန်တော်ငိုချင်ပေမဲ့ မျက်ရည်တော့မကျပေ။ မေမေ့လို မျက်ရည်မကျ မျက်နှာတစ်ချက်မပျက် လောကကြီးထဲက ထွက်ခွာမည်။“ အူဝဲ ….. အူဝဲ ” ကျွန်တော်မျက်ခွံတွေကို ပိတ်ချတော့မဲ့ဆဲဆဲမှာပင် မျိုးဆက်သစ်လူသားလေးရဲ့ နှုတ်ဆက်လိုက်သောအသံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ ကျွန်တော် ကျေနပ်သွားပါပြီ။ ဒီအသံဟာ ကျွန်တော့်အတွက် မျှော်လင့်ခြင်းနေ့သစ်တစ်ခုပါပဲလေ။ ဒါပေမဲ့ မျှော်လင့်ခြင်းဟာ ကမ်းပါးတစ်ခုလို တိုက်စားမျောပါသွားပြီမို့ ကျွန်တော်လောကကြီးကို နှုတ်ဆက်လိုက်တော့သည်။

ပင်မြင့်စံ(ရွှေဘို)

 မျှော်လင့်ခြင်းကမ်းပါး ”

မျှော်လင့်ခြင်းကမ်းပါး, 3.8 out of 5 based on 4 ratings

GD Star Rating
loading...

Post to Twitter Post to Delicious Post to Digg Bookmark and Share

%d bloggers like this: