ခရီးသွား လက်ကမ်းစာစောင်များရဲ့ ဟိုမှာဖက်ကမ်းက မြန်မာနိုင်ငံ

By
/ /

If you cannot read the font, download here the text as PDF.

ဆရာမ ကြာအုန်းကြည်သည် စိတ်မပါ လက်မပါ ကျောင်းသို့ရောက်လာခဲ့သော်လည်း ပြာယာတခတ်ခတ် ဂနာမငြိမ် ဖြစ်နေလေ၏။

“ထူးပါဘူး ကျောင်းအုပ်ကြီးဆီ မျက်နှာပူပူနဲ့ သွားရဦးမှာပဲ” ဟု တီးတိုးညည်းကာ ခပ်မြန်မြန် သွားလိုက်၏။ကျောင်းအုပ်ကြီးရှေ့ရောက်သည်နှင့် မူမမှန်သူတို့၏ ထုံးစံအတိုင်း မျက်နှာတပျက်ပျက်နှင့်

ရွံ့ကာတွန့်တုန်နေ၏။

“ဆရာမကြည် ဘာကိစ္စလဲဗျ”

“ဟိုဟာ ဟို ဟို အမေ့ဆေးခန်းလိုက်ပို့ချင်လို့ နေ့တစ်ဝက်ခွင့် ယူ ယူ ……”

“ရောဂါက တော်တော်ကြီးမယ်ထင်တယ် ခဏခဏပဲနော်” ဆိုသောစကား ကြားလိုက်သည်နှင့် ဆရာမ၏ မလုံသောအိုးက ပွင့်မလိုရှက်သွားပြီး “ ဟုတ်ပါတယ်” ဟု ယောင်ဝါး လုံးချပစ်လိုက်၏။

“ဟီ ဟိ သိပါတယ်ဗျာ သွား သွား” “ ဘာသိတာလဲ ကျောင်းအုပ်ကြီးရဲ့” ဟုမေးလိုက်ချင် သော်လည်း မမေးရဲပဲ ရင်တပူပူနှုတ်ပိတ်ကာ ထွက်လာခဲ့၏။

“သေနာကောင် ကျောင်းဖွင့်ရက်လည်း ခဏခဏချိန်းပြီး ပိုက်ဆံတောင်းတယ် ဒင်းတော့ ငါ အဆက်ဖြတ်လိုက်ရင် ကောင်းမယ်ထင်တယ် ဒုက္ခပေးပေါင်းများလှပြီ ။ ဟင်း ရည်းစားလေး တစ်ယောက်ထားမိပါတယ် ရှိတာလေးပြောင် ဓါတ်သိတွေလှောင်တာပဲခံနေရတယ်”
ဆရာမသည် ဒေါတပွပွ ပွစိပွစိ ငြူစူရင်း တဖန်” ကြောင်ကြီးဘို” ၏ မျက်နှာကို စိတ်ကူးဖြင့် မြင်ယောင်ြကည်နူးကျင်တက်သွားကာ ပျော်ပျော်လေး အားရစကားရေရွတ်ပြန်၏။

“သူ့ရုပ်နဲ့မလိုက် ငါ့ကိုကြိုက်တာ ငါကံကောင်းလို့ပဲ ။ ဘယ်ယောက်ျားမှ စိတ်မ၀င်စားတဲ့ငါ့ကို အထီးကျန် တစ်ကောင်ကြွက်မ မဖြစ်အောင် ကယ်တင်ပေးတဲ့ သခင်လေးမို့ အလိုလိုက်ထားတာ ဆိုးလိုက်တာလွန်ပါရော ငါ့သိက္ခာတွေ သူ့ရိက္ခာ ဖြစ်ချင် ဖြစ်ပစေ ။ ငါ့ကိုပစ်ပြီး အသစ်မရှာဖို့ပဲ အရေးကြီး ….”

“မင်္ဂလာပါ ဆရာမ”

“ဟယ် ဟင် မင်္ဂလာပါ ကြောင်ကြီးဘို ။ ဟယ် ဟုတ်ပေါင် မင်္ဂလာပါ ကလေးတို့”

“ချေးကျူးတင်ပါဒယ် ချာမ”

“အတွေးတလွန်လွန်နဲ့ လျှောက်လာမိတာ စာသင်ခန်းထဲ ရောက်တာတောင် သိလိုက်ဘူး ။ ဟွန်း ဟိုသေနာကောင်လေး တော်တော် စိုးမိုးတယ် “ ဆရာမသည် သူ့ကိုယ်သူ စိတ်ထဲက ကျိတ်ရယ်(ရီ)လိုက်ရင်း ကလေးတို့ကို ပြုံးပြုံးလေးပြောလိုက်၏။

“ကလေးတို့ရေ ဆရာမ ခဏသွားစရာလေးရှိလို့ ။ အဲဒါ နေ့လယ်ပြန်လာခဲ့မယ် ။ စာရေးပြီး ဆရာမကို စောင့်ကြိုနေကြနော်”

“ဟေး ပျော်တယ်ကွ ။ ဟေး ဟေး ဟေး ဘာစာရေးရမှာလဲ ဆရာမ”

“မန္တလေးတောင် အကြောင်း မင်းတို့သိသလောက် ရေးထားကြ ။သူများထဲက ကြည့်မရေး ရဘူးနော် ။ ရေးတဲ့သူ ဒဏ်ပေးမှာ ။ ကဲ ရေးကြတော့ ဆော့မနေကြနဲ့ ။ဆရာမ သွားတော့မယ် တာ့တာ့”

“ဆရာမ ဘယ်သွားမှာလဲဂျ”

“ဟီဟိ အရေးတကြီး အလှူပေးစရာ ရှိလို့ပါကွယ်”

“သာဓု သာဓု သာဓုပါ ဆရာမ”

“အွန်”

*****************

ဆရာမသည် မလုံမလဲ ဖရိုဖရဲနှင့် ကျောင်းရောက်လာပြီး ပုန်းလျှိုးကွယ်လျှိုး အလှပြင်လိုက်လေ၏။ ပြီးတော့ ဘာမှမဖြစ်ခဲ့သလိုလို မှင်သေသေနှင့် စားပွဲပေါ်တွင် ထပ်တင်ထားသော စာအုပ်များကိုလှန် ဖတ်နေလိုက်သည်။

“မန္တလေးတောင်သည် သာယာလှပါသည်။ ထို့ကြောင့် နိုင်ငံခြားသားများသည် ကားအကောင်းစားနဲ့ လာကြည့်ပါသည်။ မန္တလေးတောင်ပေါ်တက်သောအခါ ကားပြောင်းစီးရသဖြင့် မကျေနပ်ကြပါ။ မန္တလေးတောင်ခြေတွင် အင်တာနက် မရှိလို့လည်း စိတ်ညစ်ကြပါသည်။ အိမ်သာ အကောင်းစား မရှိလို့လည်း မကြိုက်ကြပါ ။”ကားခ ဈေးကြီး ပါသည် ။ “

“အံမလေးတော် ဒီကလေး ဘာတွေရေးထားမှန်း မသိပေါင် ။ သွား .။ လာ နောက် တစ်အုပ်
ကဲ ဘာရေးထားသတုန်း ဖတ်လိုက်ဦးမှ အောင်ဖုန်းရ”

“မန္တလေးတောင်ခြေတွင် ကျွန်တော်တို့ အဒေါ်အိမ် ရှိပါသည် ။ ဘေးမှာ တဲကုပ်များ ရှုပ်ပွ ညစ်ပတ်နေပါသည် ။ ကလေးများ ခွေးများ ချီးယိုထား လို့ ကျွန်တော်တို့မန်းလေးတောင်တက်သော အခါ တက်နင်းမိပါသည် ။ “

“ရွံလိုက်တာတော် ဟွန့် “ ဆရာမ သည် နှာခေါင်း တရှုံ့ရှုံ့နှင့် ဆက်ဖတ်ပြန်၏။

“အမှိုက်တွေရှုပ်ပွနေတာလည်း ဘယ်သူမှ မရှင်းကြပါ ။ မုန့်သည်များ ဈေးကြီးပါသည် ။ တောင်ပေါ်မှာ အိမ်များရှိပါသည် ။ ကျွန်တော်တို့အိမ်များ ဖျက်ပေးရမည် ပြောပါသည် ။ မန်းလေးတောင်ပေါ် အိမ်ဆောက်ပီး ကျွန်တော်နေ ချင်ပါသည် ။ “

“နေရလိမ့်မယ် အားကြီးကြီး ။ သွားပေတော့ အင့် ။ လာ ဒီစာအုပ်”

“မန်းလေးတောင်ပေါ်မှ ဘုရားများ ရှေ့တွင် ပိုက်ဆံ အလှူခံ ပုံးများ ရှိပါသည် ။ ပိုက်ဆံတွေလည်း အများကြီး တွေ့ရပါသည် ။ အဲဒီ ပိုက်ဆံတွေ ဘယ်သူယူလဲ မသိပါ ။ ကျွန်တော် နဲနဲလောက် ယူချင်ပါသည် ။ ဘောလုံးဝယ်ပီး ကန်ချင်လို့ပါ ။”

“ဘုရား လှူတဲ့ငွေနဲ့များ ….ဟွန်း ပြောလိုက်ချင်ဘူး မိစ္ဆာဒိဋ္ဌိလေး ။ ငရဲအိုး အမျိုးလိုက် ဆင်းမယ့် …”

“ဆရာမ”

“အံမလေးတော့ ကြောင်ကြီးဘို အီစိမ့် သွားတာပဲ ။ ဟယ် ဟုတ်ပါဘူး ။ ကျောင်းအုပ်ကြီး ဟီး ဟီး “

“ဆရာမ အမေ အဆင်ပြေလားဗျ”

“ဟို …ဟို ..ပြေ ပြေ ပါတယ်ရှင့် ။ သက်သာသွား ပါပြီ”

“ဆေးစွမ်းရင် တစ်ခွက်ထဲပေါ့ဗျာ ။ ဒါနဲ့ ဘာရောဂါလဲဗျ ငန်းဖျားလား ။ ၀က်သက်လား ။”

“အို ..ဟုတ်ပါဘူး ဆရာကလည်း ။ လူကြီးရောဂါပါ ။”

“ဒါဆို အတော်ပဲ ။ ဆရာမ နောက်တခါသွားရင် ကျုပ်ကို ခေါ်ပါဦး ။ အာရုံကြော အားနည်းတာပြချင်လို့”

“ဟင် ဟိုဟာ ရဘူး ဆရာရဲ့ ။ မေမေက မီးယပ်ဖြစ်နေတာ ။ အဲဒါ အဲဒီဆေးခန်းက အမျိုးသမီးသီးသန့်”

“ဒါဆို ကျုပ်မိန်းမမှာ မီးယပ်ရှိတယ် ။ ဆရာမကို အကူအညီတောင်းရမှာပဲ”

“ဟိုလေ ဟိုဟာ ….”

“လုပ်ပါ ဆရာမရယ် အားကိုးပါတယ်”

“ဟိုလေ ဟိုဟာ ကြောင်ကြီးကိုက်လိမ့်မယ် ဆရာရဲ့”

“အင် …ဘာ ဘာကြောင်ကြီးလဲ ဆရာမရဲ့”

“ဆရာမသိပါဘူး ရှင် ….”

“ဒင် ဒေါင် ဒင် ဒေါင်”

“ဟယ် ကျောင်းတက် ခေါင်းလောင်းထိုး ပြီ ၀မ်းသာလိုက်တာ”

“တောက် … အရေးထဲမှကွာ”
ကျောင်းအုပ်ကြီး လှည့်ထွက်သွားသော ကျောပြင်ကို ကြည့်ရင်း ဆရာမသည် သောင်ပြင်ပေါ် တင်ကျန်ရစ်သော ငါးလို တစွေ့စွေ့ တခုန်ခုန်နှင့် တဟီဟီ မြည်ကျန်ရစ်လေ၏။

အလင်း

GD Star Rating
loading...

Post to Twitter Post to Delicious Post to Digg Bookmark and Share

%d bloggers like this: