ဆောင်းလုလင်

By
/ /

ပြိုင်ပွဲဝင် ၀တ္တုတို

ဆောင်းလုလင်

မိုက်တယ်ဆိုတာ ဒီလိုလား

 

ငထူကြီး ဒီနေ့ထောင်မှလွတ်ခဲ့သည်။

ငထူကြီးသည် သူ့တစ်သက်တာတလျှောက်လုံး ထောင်ထဲမှာသာ အချိန်ကုန်လွန်၍ ထောင်ထဲမှာပင် သေရလိမ့်မည်ဟု ယုံကြည်မျှော်လင့်ထားသူဖြစ်သည်။ ထောင်အာဏာပိုင်များက သူ့ကိုခေါ်ပြီး ယနေ့မှစ၍ ထောင်မှထွက်ခွင့်ပေးလိုက်ပြီဟု ပြောလိုက်သည့် စကားကို သူ့အား ငရဲသို့သွားစေဟု အမိန့်ချမှတ်လိုက်သည့်သဖွယ် ငထူကြီး ခံစားခဲ့ရ၏။

“ခုဆို ခင်ဗျားဟာ လွတ်လပ်တဲ့ သာမန်လူတစ်ယောက်ဖြစ်သွားပြီ၊ ခင်ဗျားအနေနဲ့အပြင်လောကမှာ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ပြီ၊ ဒီတော့ ကိုထူကြီး- ခင်ဗျားအနေနဲ့အတိတ်က ကျူးလွန်ခဲ့တဲ့ မိုက်ပြစ်တွေကို မေ့ပစ်လိုက်ပါ၊ မိုက်ပြစ်တွေရဲ့ ဒဏ်ကို ပေးဆပ်ပြီးပြီ၊ ခ၀ါချခဲ့ပြီးပြီလို့ မှတ်ယူပါ၊ အပြင်လောကမှာ လူသစ်စိတ်သစ်နဲ့ ရိုးသားတဲ့ အသက်မွေးဝမ်းကျောင်းမှုလုပ်ပြီး အေးအေးဆေးဆေးနေပေတော့၊ ကိုထူကြီးအတွက် ကျုပ်ဝမ်းသာတယ်ဗျာ”
ထောင်မှမထွက်ခွာခင် ထောင်မှူးကြီးက သူ့ကိုခေါ်၍ ပြောကြားခဲ့သည့်စကားများဖြစ်ပါသည်။ သူတို့က အထိမ်းအမှတ်ပွဲ တစ်ခုအတွက် အကျဉ်းသားများကို လွှတ်ပေးရာတွင် ငထူကြီးပါဝင်ကြောင်း အားရ၀မ်းသာ ပြောကြားခဲ့လေသည်။ လူတစ်ယောက်ကို ဒုက္ခဆင်းရဲတွင်းထဲ ရောက်အောင် နှင်ထုတ်ခြင်းအတွက် သူ ဘာကြောင့် ၀မ်းသာနေသလဲ ငထူကြီး စဉ်းစားလို့မရခဲ့ချေ။

……

အမှန်တကယ်လည်း ငထူကြီးသည် ထောင်ဗူးဝမှထွက်သည်နှင့် ဒုက္ခတောထဲသို့ ရောက်သွားရပါသည်။
လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ် ငထူကြီးထောင်ကျစဉ်က သူဝင်ခဲ့ရသောထောင်မှာ ဤထောင်မဟုတ်ချေ။ နှစ်သုံးဆယ်အတွင်း ထောင်င်္နှစ်ကြိမ် ပြောင်းရွှေ့ခဲ့ရသည့်အတွက် ယခု သူထွက်လာသော ထောင်ရှိသည့် မြို့မှာ ယခင်က သူရောက်ဖူးသော မြို့မဟုတ်ပါ။

ငထူကြီးသည် ယောင်ချချာနှင့်ပင် လမ်းမအတိုင်း လျှောက်လာခဲ့သည်။ အတန်ကြာ လျှောက်လာသည့်အခါ လူအတော်များများ စုဝေးနေသည့် နေရာတစ်ခုသို့ ရောက်လာလေ၏။ ငထူကြိးက သွားလာလှုပ်ရှားနေသူများ၊ ထမ်းပိုးသယ်မနေသူများ၊ ဥဒဟို ၀င်ထွက်နေသော ယာဉ်ရထားများကို ကြည့်၍ ထိုနေရာကို “ဈေး” ဟူ၍ သိလိုက်ရလေသည်။ ရောင်းဝယ်ဖောက်ကားပုံများနှင့် ကုန်ပစ္စည်းများအပေါ် သတ်မှတ်သည့် ငွေကြေးများကို သူမသိတော့ပါ။ ငွေဟု တွေးလိုက်မိသည်နှင့် သူက သူ့အိတ်ကပ်ကလေးကို စမ်းကြည့်လိုက်မိလေသည်။ သူ့မှာ ပိုက်ဆံတစ်ပြားတစ်ချပ်မှ မရှိတာသိ၍ ထောင်မှူးကြီးက ပေးလိုက်သော ငွေစက္ကူတစ်ရွက် သူ့အိတ်ကပ်ထဲ၌ရှိနေလေ၏။ ငထူကြီးက အိတ်ကပ်ထဲမှ ငွေစက္ကူကို နှိုက်ယူလိုက်သည်။ ပိုက်ဆံကို အသုံးမပြုတာကြာ၍ ဘယ်လောက်တန်ဖိုးရှိတဲ့ငွေစက္ကူဆိုတာ ငထူကြီးမသိပါ။

ငထူကြီးက ငွေစက္ကူကို ဖြန့်ကာဖတ်ကြည့်လိုက်၏။ “၅၀၀” ဟူသော ဂဏာန်းဖြင့် ဖော်ပြထားချက်နှင့် “ငါးရာကျပ်” ဟုသော စာသားဖြင့် ဖော်ပြထားချက်များကိုဖတ်ကာ သူတုန်လှုပ်သွားလေသည်။ ငါးရာ – ငါးရာ – အများကြီးပါလား။ ငါးရာသည် လူတစ်ယောက်၏ ဘ၀ကို ၀ယ်နိုင်သည်။ သူကိုယ်တိုင် သူ့ဘ၀ကို ငါးရာဖြင့် အ၀ယ်ခံခဲ့ရဖူးပါသည်။
“လုပ်မလား၊ ငါးရာပေမယ်”

အသားနီစပ်စပ်လူ၏ အသံဝဲ၀ဲဖြင့်ပြောသည့် စကားကို သူယုံစားမိသည်။ ကြိုးကလေးကို ဆွဲလိုက်ရုံနှင့် ငွေငါးရာပေးမယ်တဲ့။ သူမယုံသင်္ကာဖြစ်နေတာကိုသိ၍ ထိုလူက “ရော့ – လောလောဆယ် နှစ်ရာယူထား” ဆိုကာ ငွေနှစ်ရာကို ရက်ရက်ရောရော ထုတ်ပေးခဲ့သည်။ သူရေတွက်ကြည့်တော့ တဆယ်တန် အရွက်နှစ်ဆယ်တိတိ။ တကယ့် ငွေနှစ်ရာပါလား။ လက်ထဲရောက်လာသော ငွေ ၂၀၀ က နောက်ထပ် ၃၀၀ ရဖို့အတွက် တွန်းအားပေးခဲ့လေသည်။ အတိတ်ကို ပြန်တွေးရင်း ငထူကြီး သက်ပြင်းချလိုက်သည်။

သူဆာလောင်လာသည်။ ငထူကြီးသည် ဈေးထဲလျှောက်ကာ စားသောက်ဆိုင်များကို လိုက်ကြည့်သည်။ တစ်နေရာ၌ မုန့်ဟင်းခါးဆိုင် တစ်ဆိုင်ကိုတွေ့သည်။ ဆိုင်ရှင်မိန်းမက မုန့်ဟင်းခါးဟင်းရည်အိုးကို မွှေလိုက်ရာ အနံ့က ထောင်းကနဲထပြီး ငထူကြီး နှာခေါင်းဝသို့ လာတိုးလေသည်။

ငထူကြီးက မုန့်ဟင်းခါးဆိုင်ရှေ့တွင် ၀င်ထိုင်လိုက်လေသည်။

“မုန့်ဟင်းခါးတစ်ပွဲ”

ဈေးသည်ပြင်ပေးသော မုန့်ဟင်းခါးကို ငထူကြီး အားရပါးရစားလေသည်။ ဇိမ်ဆွဲ၍ စားလေသည်။ ကုန်သွားမှာစိုး၍ ဖြည်းဖြည်းချင်း စားလေသည်။

“ဘယ်လောက်လဲ”

“နှစ်ရာ”

“ဘာ”

“နှစ်ရာလေ”

“နှစ်ရာ၊ နှစ်ရာတောင်း၊ များလှချေလား။ ဟုတ်ရဲ့လားဗျာ။ ကျုပ်ငယ်ငယ်တုန်းက တစ်ပွဲမှတစ်မတ်ရယ်၊ အကြော်နဲ့မှ ပြားသွုးဆယ်”

“ဘာ-” ဈေးသည်က သူ့ကို စကားဆုံးအောင် အပြောမခံပဲ သံကုန်ဟစ်အော်ထည့်လိုက်သည်။

“ရီးတီးယားတားမလုပ်နဲ့နော်၊ ရူးသလို ကြောင်သလို လာလုပ်မနေနဲ့၊ ဟောဒီမှာ အရပ်ကတို့ရေ၊ မုန့်ဟင်းခါးတစ်ပွဲ တစ်မတ်ထင်လို့ စားတာတဲ့တော်၊ ဟေ့ – လူကြီး၊ ပိုက်ဆံ ပေးရမှာစိုးလို့ ရူးကြောင်မူးကြောင် လာလုပ်မနေနဲ့၊ ငတ်နေရင် တောင်းစား၊ ယောက်မစာမိသွားမယ်၊ ဘာအောက်မေ့တုန်း”

“မဟုတ်ပါဘူး၊ မသိလို့ပါ၊ ကျုပ် – ကျုပ်က ခုမှ ထောင်ကထွက်လာတာမို့ပါဗျာ”

“ထောင်ထွက်ဆိုပြီး ကြောက်မယ်ထင်လို့လား၊ ကျုပ်မုန့်ဟင်းခါးဖိုး မပေးလို့ကတော့ — ”

“ပေးပါမယ်၊ ပေးပါမယ်၊ ပါပါတယ်၊ ရော့-ရော့”
ငထူကြီးက အိတ်ကပ်ထဲမှ ငါးရာတန်ကို အမြန်ထုတ်ပေးလိုက်ရလေသည်။

……

ဘုရား၊ ဘုရား၊ မုန့်ဟင်းခါးတစ်ပွဲ နှစ်ရာတဲ့။ သူထောင်ကျနေတဲ့ အတောအတွင်း ကမ္ဘာလောကကြီး ပြောင်းပြန်လန်သွားလေပြီလား။ သည်အတိုင်းဆိုလျှင်ဖြင့် သူ များလှပြီဟုထင်သော ငွေငါးရာသည် ကြာကြာအသုံးခံမည်မဟုတ်၊ စားသောက်ဖို့အတွက် ငွေရှာရပေတော့မည်။ ထောင်မှူးကြီးက ရိုးရိုးသားသား လုပ်ကိုင်စားသောက်ဖို့ သူ့ကို မှာလိုက်သည်။ သူဘာလုပ်ရမည်နည်း။ ထောင်ထဲမှာ လုပ်ခဲ့သော အလုပ်မျိုး မဟုတ်လျှင် သူဘာမှ မလုပ်တတ်တော့ပါ။ သူ့ကို စိုက်ပျိုးခင်းတစ်ခင်းမှာ ခိုင်းတဲ့သူရှိပါမှ သူအလုပ်ရတော့မည်။
ငထူကြီးသည် မြို့ထဲတွင် လျှောက်သွားကာ သူလုပ်ရမည့်အလုပ်ကို လိုက်ရှာလေသည်။
တစ်နေရာတွင် ဖိနပ်လုပ်ရန်အတါက် သားရေပြားတွေ ကိုက်ညှပ်နေသည့် အလုပ်သမားများကိုတွေ့၍ အလုပ်ကလေးများ ရနိုင်မလားဟု ၀င်မေးကြည့်သည်။ အလုပ်သမားတစ်ယောက်က “ဟိုမှာပိုင်ရှင်” ဆိုကာ ထိပ်ပြောင်ပြောင် လူကြီးတစ်ယောက်ကို လက်ညိုးထိုးပြသည်။ ငထူကြီးက အလုပ်ရနိုင်မလားဟု ရိုရိုကျိုးကျိုးသွားမေးသည်ကို လူကြီးက သူ့အား ခြေဆုံးခေါင်းဆုံးကြည့်ကာ ခေါင်းကို ပြုတ်သွားလုမတတ် ခါရမ်းရင်း “မဖြစ်ပါဘူး၊ သွား၊ သွား၊ သွား” ဟု မောင်းထုတ်လိုက်လေသည်။

ငထူကြီးသည် တစ်နေကုန် တစ်နေခန်း အလုပ်လိုက်ရှာသည်။ အလုပ်လိုက်ရှာနေသည်နှင့်ပင် ညနေစောင်းတော့မည်။ ဗိုက်ကည်း ဆာလာပြန်လေပြီ။

ငထူကြီးသည် ထောင်ကို သတိရမိ၏။ ထောင်ထဲမှာ ဘာမှ ပူပန်သောက ရောက်စရာမလို၊ စားချိန်တန်စား၊ အိပ်ချိန်တန်အိပ်ရုံပင်။ ကိုယ်တာဝန်ရှိသည့် အလုပ်ကို မည်မျှပင်ပန်းသည်ဖြစ်စေ လုပ်ပေးလိုက်လျှင် တာဝန်ကျေသည်။ ငထူကြီးသည် ထောင်ကိုလွမ်းလာ၏။ ထောင်ထဲကို ပြန်သွားချင်စိတ် ပေါက်လာသည်။
သူသည် လမ်းဘေးတစ်နေရာမှ အရိပ်ရသော အုတ်ခုံလေးတွင်ထိုင်က သူ့ဘ၀၏ ကံဆိုးမှုများကို တွေးနေမိလေသည်။
သူသည် လူမှန်းသိတတ်စကတည်းက ကံဆိုးခဲ့သည်။ သူ့မိခင်က သူ့ကိုမွေးပြီးပြီးချင်း မီးတွင်းထဲမှာပင် သေဆုံးခဲ့သည်။ ဖခင်က စိတ်လေလွင့်ကာ ထိုအချိန်မှစ၍ ရွာမှ ထွက်သွားသည်။ သူသည် အဖေအမေကို မမြင်ဖူးခဲ့ချေ။ သူ့ကို ဖခင်၏ အစ်ကိုဖြစ်သူက ကောက်ယူကျွေးမွေးခဲ့သည်။ ကြည်ကြည်ဖြူဖြူ မွေးခဲ့ခြင်းတော့ မဟုတ်၊ ဘကြီးသည် မိန်းမ၏ အငြူစူခံကာ မွေးခဲ့ရခြင်းဖြစ်သည်။ ဘကြီးမိန်းမ ငြူစူခြင်းမှာလည်း အပြစ်မဟုတ်။ သူတို့မှာပင် ကလေးငါးယောက် ရှိနေရာ ငထူကြီးသည် သူတို့အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်နေသည်။
သည်လိုနှင့် သူ့အသက် ခြောက်နှစ်လောက်အရောက်တွင် သူ့ကို ရွာဦးဘုန်းကြီးကျောင်းမှာ အပ်နှံလိုက်တော့သည်။ ဘကြီးက သူ့ကို နာမည်လေးတော့ မှည့်ပေးခဲ့သေးသည်။ “မောင်ထူး” တဲ့။

ဘုန်းတော်ကြီးကလည်း မိဘမဲ့လေးအပေါ် ဂရုဏာထားရှာပါသည်။ အခြားကျောင်းသားများနှင့် တန်းတူထားသည်။ စာသင်ပေးသည်။ သို့သော် ငထူကြီးသည် သင်ပုန်းကြီးမှ တက်မလာခဲ့ချေ။ သင်ပုန်ကြီး ကျေရုံသာရှိခဲ့သည်။ စာကို ဘယ်လိုမှ သင်ပေးလို့ မရ။

ဘုန်းကြီးက ငထူကြီးကို ဝေယျာဝစ္စ ခိုင်းစေရန်နှင့် ဆွမ်းခံကြွရာတွင် နောက်မှ ဆွမ်းအုပ်ပိုက်လိုက်ရန်အတွက်သာ သုံးတော့သည်။ ခိုင်းစေသည်ဆိုသော်လည်း ငထူကြီးကို ခိုင်းလိုက်လျှင် ဘယ်တော့မှ အချိုးတကျ ပြီးစီးလေ့ မရှိချေ။ ဘာခိုင်းခိုင်း အပေါက်အလမ်း မတည်းလွန်း၍ ဘုန်းကြီးက သူ့ကို “လူ့အန္ဓ” ဟု ဘွဲ့ပေးသည်။ “လူမိုက်” ဟု ခေါ်သည်။ “ဗလာနံ” ဟု ခေါ်သည်။

ထို့ကြောင့် ဘုန်းကြီးက မောင်ထူးဆိုသည့် သူ့နာမည်ကိုဖျက်ကာ “မောင်ထူ” ဟု ခေါ်လေတော့သည်။ မောင်ထူမှ ငထူဖြစ်လာသည်။ အသက်ကြီးလာတော့ ငယ်သူတွေက ခေါ်ကြတာ ငထူကြီး။ နာမည်မှာပင် ထူသည်၊ ထိုင်းသည်၊ ထုံသည်၊ နုံသည်၊ အ သည်၊ န သည် ဆိုသည့် အဓိပ္ဗါယ်တွေ အပြည့်ပါဝင်နေ၏။

တစ်နေ့တော့ – မြို့ကျောင်းမှာ စာဝါလိုက်နေသော ဦးဇင်းတစ်ပါး ကြွအလာတွင် မြို့အပြန်၌ ငထူကြီးကို မြို့သို့ ထည့်လိုက်လေသည်။

“သူ့ကို မြို့မှာ ဘာအလုပ်ပဲ ရရ သွင်းပေးလိုက် ဦးဇင်းကြီး၊ ဘယ်လောက်ပင်ပန်းပင်ပန်း ဒီကောင်လုပ်နိုင်တယ်၊ ဟဲ့ – ငထူ၊ မြို့ရောက်ရင် ဦးဇင်းကြီး စကားနားထောင်၊ ကောင်းကောင်းနေ၊ မမိုက်နဲ့၊ ကြားလား”
သည်လိုနှင့် ငထူကြီး မြို့ရောက်ခဲ့သည်။ မြို့က မီးရထားလမ်းရှိသည့်မြို့ဖြစ်ရာ ဦးဇင်းကြီးက သူ့ကို ဘူတာတွင် ကုန်တင်ကုန်ချနေရာ၌ရရန် ပြောပေးလိုက်သည်။ ဦးဇင်းကြီးမျက်နှာဖြင့် သူသည် ဘူတာတွင် ကူလီဖြစ်ခဲ့ရလေ၏။
ငထူကြီးသည် အလုပ်ကို ရိုးရိုးသားသား လုပ်ခဲ့ပါသည်။ ကြိုးလည်းကြိုးစားခဲ့ပါသည်။ ဘုန်းကြီးမှာလိုက်တဲ့အတိုင်း လိမ်လိမ်မာမာနေခဲ့ပါသည်။

အဲ – တစ်ကြိမ်တစ်ခါတည်းသာ။ တစ်ကြိမ်တစ်ခါတည်းသာ သူမိုက်မဲမိပါသည်။ ဒါကလည်း ကြိုးကလေးကိုဆွဲရုံနှင့် ငွေငါးရာ ရမည်ဆို၍ လုပ်မိခြင်းဖြစ်သည်။ ကြိုးကလေးတစ်ချောင်းကို ဆွဲလိုက်ရုံဖြင့် လူမိုက်ဖြစ်သွားမည်ဟု မထင်ခဲ့မိပါ။

ထိုသို့ မသိနားမလည်ခြင်းကြောင့်ပင် .. ကြိုးကလေး တစ်ချောင်းကို အင်အားမစိုက်ပဲ ဆွဲလိုက်ရုံဖြင့် သူ လူမိုက်ကြီး ဖြစ်ခဲ့ရလေ၏။

………..

အသားနီစပ်စပ်လူကို တစ်နေ့တည်း သုံးလေးကြိမ် မြင်လိုက်ရ၍ သူသတိပြုမိခဲ့သည်။ အသားနီစပ်စပ်လူသည် သူ့ကို အကဲခတ်ကြည့်နေတာကိုလည်း သူရိပ်မိသည်။ နေ့လည်ခင်းကျတော့ အသားနီစပ်စပ်လူက သူ့အနီးသို့ ရောက်လာကာ “တိုင်ပင်စရာရှိလို့ ခဏလိုက်ခဲ့ပါ” ဟု ခေါ်လေရာ သူအံ့အားသင့်သွားလေသည်။

အသားနီစပ်စပ်လူသည် အများသုံး အိမ်သာများအနီးသို့ သူ့ကို ခေါ်သွားကာ ပြောပြလေသည်။ အသားနီစပ်စပ်လူက သူ့ကို ကြိုးလေးတစ်ချောင်းအား ဆွဲပေးနိုင်မလားဟု မေးလေသည်။ ကြိုးကို ဆွဲရုံကလေးဆွဲပေးရုံဖြင့် သူ့ကို ငွေငါးရာပေးမည်ဟုလည်း ဆိုလေသည်။

“ဘယ်လိုလဲ၊ လုပ်မလား၊ ငါးရာပေးမယ်”

သူ မယုံကြည်ဟန်ဖြင့် ကြည့်နေသည်ကို ရိပ်မိသော အသားနီစပ်စပ်လူက “ရော့ – လောလောဆယ် နှစ်ရာယူထား” ဆိုကာ ငွေနှစ်ရာကို ရက်ရက်ရောရော ထုတ်ပေးခဲ့သည်။ သူရေတွက်ကြည့်တော့ တစ်ဆယ်တန် အရွက်နှစ်ဆယ်တိတိ။ တကယ့် ငွေနှစ်ရာပါလား။

“ဘယ်လိုလုပ်ရမယ်ဆိုတာ ကျုပ်ပြမယ်။ လာလိုက်ခဲ့”

အသားနီစပ်စပ်လူက သူ့ကို ဘူတာနှင့် ခပ်လှမ်းလှမ်းသို့ ခေါ်သွားလေသည်။ ကုန်လှောင်ရုံများအလွန်၊ ရထားအ၀င်လမ်း၊ သစ်ပင်တန်းဘေး။ ရထားသံလမ်းရှိရာ ကုန်းမြင့်၏ အောက်ဖက်။ ထိုနေရာတွင် ကြိုးတချောင်းကို တွေ့ရသည်။ ကြိုးမှာ ပျော့ပျောင်းသော သံမဏိကြိုးဖြစ်သည်။ ကြိုးစသည် ဘယ်နေရာတွင်ဆုံးသည်ကို သူမသိ။
“ခင်ဗျားက ရထားလာရင် ဟောဒီကြိုးစလေးကို ခင်ဗျားဖက်ကို ဆွဲလိုက်ရုံပဲ။ ဒါပဲ။ ဒါလေးလုပ်ရုံနဲ့ ခင်ဗျား ငါးရာရမှာနော်”

“ဟုတ်ပြီလား။ ခင်ဗျားဆွဲရမယ့် အချိန်က ဟိုဖက်က၀င်လာတဲ့ ရထားခေါင်းတွဲ ကုန်ရုံရှေ့ရောက်ပြီဆိုတာနဲ့ ဆွဲရမှာ၊ မှတ်မိလား”

ရထားလာတဲ့အထိ သူရပ်စောင့်နေခဲ့သည်။ ငွေနှစ်ရာ စရံယူထားတာနဲ့ တန်မျှအောင် သူ့ဖက်က တာဝန်ကျေဖို့လိုသည် မဟုတ်ပါလား။

ရထားဝင်လာပြီ။ ရထားက သူရပ်နေသည့် နေရာကို ကျော်သွားသည်။ သူသည် ခေါင်းတွဲကို သတိထားကြည့်နေ၏။ ရထားခေါင်းတွဲသည် ကုန်ရုံရှေ့သို့ ရောက်ပါပြီ။ အသားနီစပ်စပ်လူ ညွှန်ကြားသည့်အတိုင်း သူက ကြိုးကို သူ့ဖက်သို့ ဆွဲချလိုက်သည်။

အုန်းကနဲ ကျယ်လောင်သောပေါက်ကွဲသံကြီးပေါ်ထွက်လာသည်။ သူလန့်သွားသည်။ သူ့ရှေ့မှ သံလမ်းပေါ်ပြေးသွားနေသောရထားတွဲများ မိုးပေါ်သို့မြောက်တက်ကုန်သည်။ ငရဲပွက်သကဲ့သို့ အော်ဟစ်သံများ ကြားလိုက်ရသည်။ မြေပြင်သည် သိမ့်သိမ့်တုန်သွား၏။

ငထူကြီးသည် ရုတ်တရက်ပြောင်းလဲသွားသောမြင်ကွင်းကို အံ့သြစွာရပ်ကြည့်နေခဲ့သည်။ သူဆွဲလိုက်သော ကြိုးကလေးနှင့် မီးရထားကြီး ပေါက်ကွဲတိမ်းမှောက်သွားခြင်းတို့ ဆက်စပ်မှုကို ထိုအချိန်အထိ သူမသိသေး။ မသိင́သာ နေရာမရွေ့ ရပ်ကြည့်နေမိခြင်းဖြစ်ပါသည်။

ထိုနေရာသို့လူအများရောက်လာပြီး ကြိုးစကိုင်ရပ်နေသော သူ့ကိုအမြင်တွင် ဝိုင်းဝန်းဖမ်းချုပ်ကာ အချုပ်ခန်းထဲသို့ ပို့လိုက်ကြလေသည်။ ဘာလုပ်ကြတာလဲ၊ သူ့မှာဘာ အပြစ်ရှိလို့လဲ။ ငထူကြီးနားမလည်နိုင်ချေ။
တရားရုံးတွင် ရုံးတင်စစ်ဆေးတော့ သူ့အတွက်တပ်ထားသော ပုဒ်မများက များပြားလွန်းလှပေသည်။ ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှုတဲ့၊ လူအစုလိုက်အပြုံလိုက်သေစေမှုတဲ့၊ ဗုံးဖောက်ခွဲမှုတဲ့၊ နိုင်ငံတော်လုပ်ကြံမှုတဲ့၊ သောင်းကျန်းသူနှင့်ဆက်သွယ်မှုတဲ့။

ဒါတွေ တစ်ခုမှ သူမကျူးလွန်ခဲ့ပါ။ အသားနီစပ်စပ်လူက ငွေငါးရာ ပေးမယ်ဆိုလို့ ကြိုးစကလေးကို ဆွဲရုံဆွဲလိုက်တာပါ။ ဒါတောင် ငါးရာ အပြည့်မရခဲ့။ နှစ်ရာပဲ ရခဲ့သည်။ အစစ်ခံတော့လည်း သူက ရိုးသားစွာပင် ထိုသို့အစစ်ခံခဲ့လေသည်။

တရားသူကြီးက သူ့ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ်၄၀ကျခံရန် ပြစ်ဒဏ်ချမှတ်ခဲ့လေ၏။

…………….

အုတ်ခုံပေါ်တွင်ထိုင်ရင်း ငိုက်ကနဲဖြစ်သွားရာမှ နှာဝသို့ ၀င်လာသော အကြော်နံ့ကြောင့် ငထူကြီး လန့်နိုးသွားသည်။ အတိတ်ဖြစ်စဉ် အတွေးများလည်း အကြော်နံ့ကြောင့် ငထူကြီး ဆာလောင်မွတ်သိပ်သွားသည်။ ပြင်းထန်စွာ ဆာလောင်လာလေပြီ။ ငထူကြီးက အိတ်ကပ်ထဲမှ တစ်ရာတန်သုံးရွက်ကိုစမ်းသပ်ရင်း အကြော်ဆိုင်သို့ ထလာလေသည်။

“အကြော်တစ်ခုဘယ်လောက်လဲ”

သည်တစ်ခါတော့ မေးစမ်းပြီးမှစားရန် သင်ခန်းစာရလိုက်လေပြီ။

“တစ်ခု ငါးဆယ်”

ပြားငါးဆယ်လား၊ ကျပ်ငါးဆယ်လား — ငထူကြီး စဉ်းစားရပြန်သည်။ ဈေးသည်ကိုတော့ ထပ်မမေးရဲ။ ပြားငါးဆယ်တော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်။ မုန့်ဟင်းခါးတစ်ပွဲတောင် ၂၀ဝဆိုတော့၊ ငထူကြီးသည် ဗန်းထဲမှ ဗယာကြော်နှစ်ခုကို ကောက်ယူလိုက်၏။ တစ်ရာတန် တစ်ရွက်ပေးလိုက်တော့ ပြန်မအမ်းပဲ ဈေးသည်က ဈေးဗန်းအောက်ထည့်လိုက်သည့်အတွက် တစ်ခုကျပ်ငါးဆယ်ဆိုတာ သေချာသွားသည်။

ငထူကြီးသည် စောစောကထိုင်ခဲ့သောအုတ်ခုံလေးဆီပြန်သွားကာ ဗယာကြော်ကိုစားလေသည်။ ဗယာကြော်သေးသေးလေးနှစ်ခုမှာ ငထူကြီး နှစ်ကြိမ်ဝါးလိုက်သည်နှင့်ကုန်သွားလေ၏။ ငထူကြီးအဆာမပြေသေးပါ။ ပို၍ပင်ဆာလာသည်။ သူ ငွေရှာမှ ဖြစ်တော့မည်။

ညရောက်လျှင် အိပ်စရာနေရာလိုလာတော့မည်။ ဘုရား — ဘုရား — ငါဘယ်မှာ အိပ်ရပါ့မလဲ။ ပြင်ပလောကသို့ရောက်ရသည့်အတွက် ကြုံရသောဒုက္ခပါကလား။ ထောင်ထဲတွင် သည်လိုသောကမျိုး ဖြစ်စရာမလို။ ထောင်ထဲမှာနေရတာကမှ ကောင်းသေးသည်။ ထောင်ထဲပြန်သွားရတာကမှ ကောင်း ဦး မည်။

ထိုစဉ် — သံရှည်ဆွဲင́အော်မြည်လိုက်သော ရထားဥသြသံကို သူကြားလိုက်ရ၏။

ဟုတ်သားပဲ၊ ဒီမြို့မှာ ဘူတာရုံရှိသည်။ သူထောင်ထဲမှာတုန်းကလည်း ရထားဥသြသံကို အချိန်မှန်ကြားရသည်။

ငထူကြီးက ဥသြသံကြားရာအရပ်သို့မှန်းဆင́လာခဲ့လေသည်။ မကြာခင် ဘူတာရုံကိုတွေ့လိုက်ရ၏။ သူသည် ဘူတာရုံသို့ သွက်လက်စွာ လျှောက်လာခဲ့လေသည။် အခုနက ကြားလိုက်ရသော ဥသြသံကို အော်မြည်ခဲ့သည့် မီးရထားသည် ဘူတာထဲသို့ ၀င်လာချိန်ဖြစ်သည်။ ဘူတာထဲ သူရောက်တော့ ရထားကဆိုက်ပြီးနေပြီ။ ခရီးသည်များဆင်းနေပြီ။

ငထူကြီးသည် အနီးဆုံးတွဲတစ်တွဲသို့ပြေးသွားကာ ခရီးသည်တစ်ဦး၏အထုတ်အပိုးများအားသယ်ယူရန် စကားစပ်လိုက်သည်။

“ကျွန်တော်သယ်ပေးမယ်အစ်ကိုကြီး၊ ပစသ̈ည်းက ဒါပဲလား ရှိသေးလား”

သူက ခရီးသည်နှင့် ပြောဆိုမည်ကြံဆဲ — သူ့လည်ဂုတ်ကို တစ်စုံတစ်ယောက်က ဆောင့်ဆွဲလိုက်သည်။ သူလှည့်ကြည့်လိုက်တော့ ယူနီဖောင်းဝတ် မီးရထားဝန်ထမ်းတစ်ဦး။

“ဟေ့လူ၊ ဘာလုပ်တာလဲ”

“ကျုပ် ကူလီထမ်းမလို့ပါ”

“ဘာ- နားမလည်ဘူးလား၊ အသင်းဝင်မဟုတ်ပဲ လုပ်ခွင့်မရှိဘူး၊ သွား-သွား”

ငထူကြီးသည် အံ့သြစွာ နားမလည်စွာ ဆုတ်ခွာခဲ့ရလေသည်။ ကူလီထမ်းဖို့ကို အသင်းဝင်စရာ လိုသေးသတဲ့လား။ ဘာအသင်းလဲ။ အပြင်လောက၏ ပြောင်းလဲနေမှုများကို ငထူကြီး လိုက်မမီတော့ပါ။

ငထူကြီးသည် ဘူတာထဲမှ ခုံတန်းလေးပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။

မှောင်စပျိုးပေပြီ။ သည်တစ်ညတော့ ဘူတာထဲမှာပဲအိပ်ရပေတော့မည်။

ခုံတန်းပေါ်ထိုင်ရင်း အိပ်ငိုက်လာသည်။ အိပ်ပစ်လိုက်တော့မည်ဟန်ပြင်ကာ ခုံတန်းပေါ်လှဲချလိုက်၏။

“ဟေ့လူ၊ ဘူတာထဲမှာအိပ်လို့မရဘူး၊ သွား-သွား၊ ဒီအချိန် ဘူတာထဲမှာလည်း နေခွင့်မရှိတော့ဘူး၊ ထွက်တော့” တာဝန်ရှိသူတစ်ဦးက သူ့ကို လှဲနေရာမှနှိုး၍ နှင်လွှတ်လိုက်လေသည်။

…………

ငထြူကီးသည်လမ်းမတလျှောက် လျှောက်လာရင်း မြောင်းကြီးတစ်ခုကို ဖြတ်ထိုးထားသော တံတားပေါ်တွင် ဘေးပေါင်တန်း၌ ထိုင်လို့ ရသောကြောင့် တက်ထိုင်လိုက်သည်။ သူသည် အိပ်လည်းအိပ်ချင်နေသည်။ ဆာလည်းဆာလောင်နေသည်။ အိပ်လိုက်ရင်တော့ ဆာတာမေ့သွား လိမ့်မည်ထင်ပါသည်။ ဘယ်နေရာမှာအိပ်ရမှာပါလိမ့်။ ထောင်ထဲမှာတော့ ဒါတွေအတွက်ပူပန်နေစရာမလို။ ထောင်ထဲမှာနေတာကမှ သောကကင်းသေးသည်။

ထိုစဉ် — မော်တော်ကားတစ်စီး ဖြတ်သွားရာ ကားမီးရောင်က တံတားအောက်ခြေကို ထိုးလိုက်သောကြောင့် တံတားအောက်ဖက် မြင်ကွင်းကို သူမြင်လိုက်ရလေသည်။ တံတားအောက် မြောင်းထဲတွင် ရေမရှိ။ မြောင်းကကျယ်ပြောလှသည်။ မြောင်းထဲကနေ တံတားအောက်ကို ဝင်အိပ်လို့ရနိုင်မလား။

ငထူကြီးက ကြာကြာစဉ်းစားမနေ။ ဘေးဘီမှာလူမရှိတုန်း တံတားဘေးမှကုပ်တွယ်ကာ မြောင်းထဲသို့ဆင်းလိုက်သည်။ မြောင်းထဲမှာရေသိပ်မရှိ။ ရေက မြောင်းအလည်အူကြောင်းတွင်သာ ခပ်စပ်စပ်ရှိသည်။ မြောင်းကိုအုတ်ဖြင့်ဘောင်ခတ်ထားသည်မို့ ဘေးနှစ်ဖက်က အုတ်နံရံဖြစ်နေသည်။

ငထူကြီးက မြေကြီးပေါ်ထိုင်ချလိုက်သည်။ စိုထိုင်းထိုင်းဖြစ်နေသည်မှအပ နေရတာအဆင်ပြေလှ၏။ သူသည် မြေကြီးပေါ်ထိုင်ကာ နံရံဖက် ကိုကျောပေး၍ နံရံကိုမှီထိုင်လိုက်သည်။ ဒီအတိုင်းအိပ်ရရင်တော့မဆိုး။

ငထူကြီးသည် ထောင်၏နွေးထွေးသောလုံခြုံခိုင်ခန့်မှုကို သတိရလိုက်သည်။ သူ့အတွက် ထောင်ထက်ကောင်းတဲ့နေရာ ဘာမှမရှိပါကလား။ ထောင်ထဲမှာဆိုလျှင် ယခုအချိန် သူနှစ်နှစ်ချိုက်ချိုက်အိပ်စက်နေပေရော့မည်။ ထောင်ထဲသာပြန်သွားလိုက်ချင်စမ်းပါဘိတော့။

……

မနက်မိုးစင်စင်လင်းမှ သူနိုးတော့သည်။

နံရံကိုမှီ၍ ထိုင်ရက်အိပ်ခဲ့သော်လည်း နိုး လာတော့ မြေကြီး ပေါ်မှာ လှဲလျောင်း ရက်သားဖြစ်နေသည။် သူ့အောက်ပိုင်း တစ်ခုလုံးလည်း စိုထိုင်း သော မြေကြီးတွင် တစ်ညလုံးလဲလျောင်းခဲ့သောကြောင့် ရေငွေ့များရိုက်ကာ စိုရွှဲလျှက်ရှိလေပြီ။ တစ်ကိုယ်လုံး ထုံကျင်ကိုက်ခဲနေ၏။ ဒီပုံအတိုင်းဆို ကြာရင် သူ့အသက်အရွယ်ဖြင့် အလွယ်တကူသေဆုံးသွားနိုင်သည်။ ထောင်ထဲပြန် ရောက်မှဖြစ်တော့မှာပါ။

ငထူကြီးသည် မြောင်းထဲမှာပင် အပေါ့အပါးသွားကာ မြောင်းဘောင်ပေါ်သို့ပြန်တက်ခဲ့လေ၏။

သူမြောင်းထဲမှတက်လာသည်ကို အသက်ဆယ်နှစ်အရွယ်ကလေးတစ်ယောက်က တံတားပေါ်မှ ရပ်ကြည့်နေလေသည်။ ကောင်လေးက လက်တစ်ဖက်တွင် ထိပ်၌သံချွန်ပါသော တုတ်တစ်ချောင်းကို ကိုင်ထားကာ ညစ်ပတ်ပေရေနေသော မြွေရေခွံအိတ်ကြိးကို ကြိုးဖြင့်သိုင်း၍ လွယ်ထားလေသည်။ အခြား လက်တစ်ဖက်ကို အီကြာကွေး တစ်ချောင်းကိုကိုင်ကာ အားရပါးရစားနေ၏။ ပလတ်စတစ်၊ စက္ကူစသော အမှိုက်အတိုအစများကောက်သည့် ကလေး တစ်ယောက်ဖြစ်သည်။ ကောင်လေး မုန့်စားနေသည်ကို ကြည့်၍ ငထူကြီး ဆာလောင်လာသည်။ သူ့အသားများ တဆတ်ဆတ် လှုပ်လာသည်အထိ ဆာလောင်မွတ်သိပ်လျက်ရှိသည်။ အစာဆာလောင်စိတ်ကြောင့် ခေါင်းများ တရိပ်ရိပ်မူးနေ၏။ ထောင်ကို မွတ်သိတ်စွာ တမ်းတစိတ်က ရင်နှင့်အပြည့် ပေါ်လာပြန်သည်။

မနက်စင်စင်လင်းနေပြီဖြစ်၍ ဈေးသွားဈေးလာများ၊ ဆိုက်ကားမြင်းလှည်းများ၊ ခေါင်းရွက်ဈေးသည်များ သွားလာလှုပ်ရှားနေသည်ကို မြင်နေရသည်။ ငထူကြီး ဆာလောင်နေသည်။ ဆာလွန်းလို့ သူဒေါသတွေထွက်လာသည်။ ပလတ်စတစ်ကောက်သည့် ကောင်လေးသည် အမှိုက်ပုံရှိရာသို့ ထွက်သွားလေသည်။ လက်တစ်ဖက်တွင် အီကြာကွေးကိုကိုင်ရက် ပလုတ်ပလောင်း စားသောက်နေ၏။ ငထူကြီးသည် ကလေးငယ်ကို မနာလိုဝန်တို ဖြစ်သွားမိလေသည်။ ကောင်လေးသည် အမှိုက်ပုံကို တုတ်တံဖြင့်ထိုးဆွကာ ရှာဖွေလျှက်ရှိသည်။ သီချင်းလေးတအေးအေးဖြင့် —-

ငထူကြီးသည် ကောင်လေးရှိနေသည့်အမှိုက်ပုံဆီကိုလိုက်သွားလိုက်သည်။ သူ တစ်စုံတစ်ခုကိုဆုံးဖြတ်လိုက်ပြီ။
သူက အနီးပတ်ဝန်းကျင်တွင် ရှာကြည့်လိုက်သည်။ အမှိုက်ပုံဘေးမှ သစ်သားချောင်းတစ်ချောင်းကိုအမြင်တွင် ကောက်ယူလိုက်သည်။

ကောင်လေးရှိရာနေရာသို့ သစ်သားချောင်းကို မြဲမြံစွာကိုင်လျှက် လျှောက်သွားလိုက်သည်။ ကောင်လေးက သီချင်းတအေးအေးဖြင့် အမှိုက်ပုံကိုထိုးဆွဆဲ။

ကောင်လေးအနီးရောက်သည်နှင့် ငထူကြီးက သစ်သားချောင်းကို လက်နှစ်ဖက်ဖြင့် စုံကိုင်ကာ ကောင်လေးနောက်စေ့ကို ရိုက်ချလိုက်သည်။ ကောင်လေးက ဘာမှပင် သိလိုက်မည်မဟုတ်၊ အသံတစ်ချက်မှ မထွက်လိုက်နိုင်ပဲ အမှိုက်ပုံပေါ် မှောက်ရက်လဲကျသွားသည်။ လဲကျသွားရုံဖြင့်မပြီးသေး၊ သေမှဖြစ်မည်။ သေမှ သူ့ရည်ရွယ်ချက် အကောင်အထည် ပေါ်လိမ့်မည်။ ငထူကြီးသည် လဲကျနေသော ကောင်လေး၏ ဦးခေါင်းကို ဆက်၍ ရိုက်လေသည်။

မြင်ကွင်းကို ဆိုက်ကားသမားတစ်ယောက်နှင့် ခေါင်းရွက်ဈေးသည်တစ်ယောက်က မြင်လိုက်သည်။

“အမလေးတော့၊ သတ်နေပြီ၊ သတ်နေပြီ”

“လာကြပါဦး ကလေးကိုနှိပ်စက်နေတယ်”

ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံသွားလေသည်။ လူတွေရုတ်ရုတ်သဲသဲပြေးလာကြသည်။ ငထူကြီးက လှည့်မကြည့်။
ကောင်လေးကို ငုံ့ကြည့်လိုက်သည်။ ခေါင်းမှသွေးများမှာ မြင်မကောင်းအောင် ထွက်နေသည်။ ကောင်လေးသည် တစ်ချက်ဆတ်ကနဲတွန့်လိုက်ပြီး နောက် လုံးဝငြိမ်ကျသွား၏။ ငထူကြီးက လက်ထဲမှသစ်သားချောင်းကို ရေမြောင်းထဲသို့ လှမ်းပစ်ချလိုက်လေသည်။

ကောင်လေးလက်ထဲက တစ်ဝက်ကျန်သောအီကြာကွေးကို အလောင်းလက်အား ဖြည်၍ယူလိုက်သည်။ မြေကြီးများပေနေသော အပိုင်းကို ပုဆိုးဖြင့်ပွတ်ကာ အားရပါးရစားလိုက်သည်။

လူများက ငထူကြီးကို ဝိုင်းကြည့်နေကြသော်လည်း ဝင်မဖမ်းရဲ၊ မလုံးရဲ။ ထွက်မပြေးနိုင်အောင်သာ ဝိုင်းထားကြသည်။ လူတစ်ယောက်အသက်ကို သွေးအေးအေးသတ်ခဲ့သူကို သူတို့အကဲခတ်နေကြသည်။

မကြာလှသောအချိန်တွင် ရဲများရောက်လာ၏။

“ဟေ့ – မပြေးနဲ့”

မပြေးပါ။ ငထူကြီးမပြေးပါ။ ပြေးဖို့ရည်ရွယ်ချက်လည်းမရှိပါ။

ငထူကြီးက အနီးရောက်လာသောရဲများကို လက်နှစ်ဖက်စုံယှက် ရှေ့ထိုးပေးလိုက်သည်။ ရဲများက လက်ထိပ်ဖြင့် ခတ်လိုက်လေသည်။ ပြီးနောက် ငထူကြီးကို ကြမ်းတမ်းစွာ ဆွဲခေါ်သွားကြသည်။

လက်ထိပ်ခတ်ရက်တန်းလန်းဖြင့် ကြမ်းတမ်းစွာ ဖမ်းချုပ် ခေါ်ဆောင်သွားခြင်းခံရသော ငထူကြီး၏ နှုတ်ခမ်းများက ပြုံးနေလေသည်။

……

ဆောင်းလုလင်

Read the text as (PDF).

 

 

ဆောင်းလုလင်, 1.7 out of 5 based on 3 ratings

GD Star Rating
a WordPress rating system

Post to Twitter Post to Delicious Post to Digg Bookmark and Share

%d bloggers like this: